အောင်ပန်းမြို့တွင် လူသ-တ်ပစ္စည်းလုယူမှု ကျူးလွန်သူ (၂) ဦးကို (၃)ရက်အကြာတွင် မိတ္ထီလာမြို့၌ ဖမ်းမိ

0
68

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဖြစ်ပွားခဲ့သည့် လူသ-တ်ပစ္စည်းလုယူမှုမှ ကျူးလွန်သူ (၂)ဦးကို (၃)ရက်အကြာတွင် မိတ္ထီလာမြို့၌ ဖမ်းဆီးရမိပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်း(အောင်ပန်း)မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ (၂၄)ရက်၊ နံနက် (၉)နာရီအချိန်ခန့်က ကလောမှ အောင်ပန်းသို့ ပြန်လာသည့် သားအမိ (၂) ဦးမှာ အောင်ပန်းမြို၊ အောင်ပန်း-ကလောလမ်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုရုံး နံဘေး မယ်ခိုတောင် အတက်လမ်း၌ ခေတ္တနားနေစဉ် အမည်မသိ အမျိုးသား( ၂)ဦး ရောက်လာပြီး ကျောက်ခဲထည့်ထားသည့် လွယ်အိတ်ဖြင့် ရိုက်နှက်ကာ ပါလာသော ဆိုင်ကယ်၊ ဆွဲကြိုး၊ လက်စွပ်များကို လုယက်ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရ သားအမိ (၂) ဦးကို နာရေးကူညီမှုအသင်း(အောင်ပန်း)မှ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး အောင်ပန်းဆေးရုံ၌ ဆရာဝန်/ဆရာမများမှ အရေးပေါ်ဆေးကုသပေးသော်လည်း လူနာများမှာ ထိခိုက်ဒဏ်ရာပြင်းထန်သဖြင့် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြရာ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ရောက်ပြီး မကြာမီအချိန်တွင် မိခင်ဖြစ်သူမှာ ရရှိဒဏ်ရာများဖြင့် ေ-သဆုံးခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်ကို ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် အမှုမှန်ပေါ်ပေါက်ရေး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများမှ တဆင့် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့တို့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ (၃)ရက်အကြာတွင် ကျူးလွန်သူ (၂)ဦးကို မိတ္ထီလာမြို့၌ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် အောင်ပန်းမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here