အိမ်ရာမဲ့များဂေဟာသို့ မိခင်နှင့်သွားခဲ့ရာမှမျက်စိပွင့်လာ–ဝီလျံ

0
22

ဗြိတိန်တော်ဝင်မင်းသား ဝီလျံက ကွယ်လွန်သူ မိခင် ဒိုင်ယာနာနှင့်အတူ သူ ၁၁ နှစ်သားအရွယ်က အိမ်ရာမဲ့များဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ပြန်ပြောင်းပြောပြခဲ့ပြီး ယင်းခရီးတွင် လူများ၏ နေထိုင်ရှင်သန်ရပုံများကို သိနားလည်ခဲ့ကာ မျက်စိပွင့်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ထုတ်လွှင့်မည့် အိမ်ခြေရာမဲ့ဖြစ်မှု အဆုံးသတ်ရေး သူ၏ ကြိုးပမ်းအားထုတ်မှုများအကြောင်း မော်ကွန်းရုပ်ရှင် ကောက်နုတ်ချက်တစ်ခုတွင် ဗြိတိန်ထီးနန်းလျာက မိခင်ဒိုင်ယာနာသည် သူနှင့် ညီဖြစ်သူ မင်းသား ဟယ်ရီတို့ကို အေအိုင်ဒီအက်စ်မှသည် စိတ်ကျန်းမာရေးအပါအဝင် လူမှုဘ၀ အခက်အခဲများနှင့်ပတ်သက်၍ ကျယ်ပြန့်စွာ သိနားလည်တတ်စေရန် ရည်ရွယ်သည့် အကြောင်းရင်းအဖြစ် မိတ်ဆက်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။

“အဲဒီလိုနေရာကို အရင်က တစ်ခါမှ မရောက်ခဲ့ဖူးဘူး၊ ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာအတွက် နည်းနည်းတော့ စိုးရိမ်မှုရှိခဲ့တယ်။ ကျွန်တော်အမေကတော့ သူ့ရဲ့ ပုံမှန်အတိုင်းပဲ လူတိုင်းနဲ့ စိတ်အေးလက်အေး ရယ်ရယ်မောမောရှိနေခဲ့တာပဲ” ဟု ၁၉၉၃ ခုနှစ်က လန်ဒန်ရှိ The Passage ပရဟိတအဖွဲ့သို့ သွားရောက်ခဲ့ပုံအကြောင်းကို ဝီလျံက ပြောပြခဲ့သည်။

ချားလ်စ်ဘုရင်၏ သားတော်ကြီးသည် ဒိုင်ယာနာ၏ လမ်းပြမှုဟု ဆိုခဲ့သော ငါးနှစ်ကြာ “Homewards” စီမံချက်ကို ပြီးခဲ့သည့် ဇွန်လတွင် စတင်ခဲ့သည်။

လမ်းပေါ်နေလမ်းပေါ်စားရသူ လူအရေအတွက် မည်မျှရှိသည်ကို အတိအကျသိရန်ခက်ခဲသော်လည်း ယခုလတွင် ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ အင်္ဂလန်တွင် ၂၀၂၃-၂၄ ခုနှစ်အတွင်း အိမ်ထောင်စု ၁၇၈,၅၆၀ ကို အိမ်ယာမဲ့များအဖြစ် သတ်မှတ်ထားပြီး ယခင်နှစ်ကထက် ၁၂ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဟု အိမ်ယာမဲ့ ပရဟိတအဖွဲ့များက ပြောသည်။

အိမ်ရာမဲ့များအရေး အာရုံစိုက်လုပ်ဆောင်ရာတွင် လိုအပ်သူများကို ကူညီနိုင်ရန် သူ အစွမ်းကုန်ကြိုးစားနေခဲ့ကြောင်းနှင့် ယင်းကို သူ့ဘဝ၏ အခန်းကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြောင်း ဝီလျံက ပြောဆိုခဲ့သည်။

သူ The Passage သို့ သွားရောက်လည်ပတ်စဉ်က ဂေဟာတွင် နေထိုင်သူများနှင့် စကားစမြည်ပြောခဲ့ခြင်းများ၊ စစ်တုရင်ကစားခဲ့ခြင်းကို အမှတ်ရမိသည်ဟုလည်း ဝီလျံက ပြောပြခဲ့သည်။

ကိုယ်လိုဘဝမျိုးမဟုတ်သည့် အခြားသူတွေရှိနေသည်ဆိုခြင်းကို ထိုအချိန်က မိမိကို အသိဝင်စေခဲ့သည်ဟု သူက ပြောဆိုခဲ့သည်။ အရမ်းငယ်ရွယ်သေးသည့် အချိန်များတွင် ကိုယ်ရှေ့တွင် တွေ့မြင်နေရသည်များကိုပဲ ဘဝဟု ထင်မြင်မိမည်ဖြစ်ပြီး အခြားနေရာများကိုကြည့်မြင်ရန် စိတ်ကူးမိမည်မဟုတ်ဟုလည်း သူက ပြောဆိုခဲ့သည်။

ITV ၏ မော်ကွန်းရုပ်ရှင် Prince William: We Can End Homelessness အပြည့်အစုံကို အောက်တိုဘာ ၃၀ နှင့် ၃၁ ရက်များတွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here