ရုရှားခရီးသွား ဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေး

0
20

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် နိုင်ငံတော်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရသည်။

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဓိက ခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန် – ပုသိ မ် – ညောင်ဦး – မန္တလေးအသွားအပြန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်မှစတင်၍ ပျံသန်းပြေးဆွဲနေကြောင်း၊ နိုင်ငံတော်က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် ရုရှားခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ် ထပ်မံခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် မြန်မာ – ရုရှား နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်ရေးခရီးလမ်းကြောင်း ရေရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့က အမှာစကားပြောကြားကြပြီး ရင်းနှီးကျွမ်း ဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်တစ်ဦးက ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကာ မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် သိရှိလိုသည့်အချက်အလက်ကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here