“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစု၏ နဝမအကြိမ်မြောက် တောင်(၅)တောင်နေ့ချင်းဖူးကုသိုလ်

0
26

နေပြည်တော်ရှိ “ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစုမှစီစဉ်၍ နဝမအကြိမ်မြောက်အဖြစ် တောင်(၅) တောင်နေ့ချင်းဖူးကုသိုလ်ခရီးစဉ်အား ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းမှစတင်၍ ကုသိုလ်ပြုလှူဒါန်းပို့ဆောင်ပေးခဲ့သည်။

တောင်(၅)တောင်နေ့ချင်းဖူးကုသိုလ်ပြုခရီးစဉ်တွင် နေပြည်တော်အတွင်းရှိ လက်လုပ်တောင်တော်ပေါ်ရှိ ရွှေနန်းသွင်းစေတီတော်မြတ်ကြီး၊ ရွှေလွှမ်းတောင်တော်ပေါ်ရှိ မြသိန်းတန်အောင်ငြိမ်းအေးဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ စမတောင်တော်ပေါ်ရှိ ကမ္ဘာ့ကပ်ကျော်စေတီတော်မြတ်ကြီး၊ ဆင်ဖြူတောင်ဘုရား၊ လှေခွင်းတောင်ပေါ်ရှိ တန်ခိုးကြီးဘုရားတို့အား ဖူးမြှော်ကြည်ညိုနိုင်ရန် ပို့ဆောင်ပေးခဲ့သည်။

” သစ်တံခါးဆရာတော်ကြီးမိန့်ကြားထားတဲ့အတိုင်း တောင်(၅)တောင်ခရီးစဉ်ကိုပို့ဆောင်ပေးခဲ့တာမှာ အခုကုသိုလ်ပြုခရီးစဉ်က(၉)ကြိမ်မြောက်ပါ။ ဒီ(၉)ကြိမ်မြောက်ကတော့ ကျွန်တော့်မွေးနေ့ကုသိုလ်အဖြစ်ပို့ဆောင်ပေးတာပါ။ သစ်တံခါးဆရာတော်ကြီးမိန့်ကြားထားသလို ဒီခရီးစဉ်မှာ အထူးကုသိုလ်ပြုအစီအစဉ်အနေနဲ့ နေရောင်ပြအင်းက ပြည်လုံးချမ်းသာစေတီတော်မှာ ပဌာန်းပဉှာဝါရ၊ မဟာသမယသုတ်ရွတ်ပွားပူ ဇော်တာနဲ့ တရားဘာဝနာရှုမှတ်ပွားများတာတွေကိုပါ ထပ်တိုးကုသိုလ်ပြုခဲ့ကြပါတယ်။ အခုလို ကုသိုလ်ပြုခရီးစဉ်တွေကိုပို့ဆောင်ပေးရတဲ့အတွက်အလွန်ကြည်နူးမိတယ်”ဟု “ဆုလာဘ်ပိုင်” ကုမ္ပဏီမိသားစု၏ ပဲ့ကိုင်ရှင်ကိုအောင်ဘိုဘိုကပြောသည်။

ဘုရားဖူးခရီးစဉ်အား “ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစု၏ ဓမ္မမိတ်ဆွေ ဘုရားဖူး(၃၀၀)ဦးကျော်လိုက်ပါခဲ့ကြပြီး ဘုရားဖူးများသည် စေတီတော်မြတ်အသီးသီးသို့ရောက်ရှိချိန်များ၌ ပရိတ်တရားတော်များကိုရွတ်ပွားပူဇော်ခြင်း၊ မဟာသမယသုတ်ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာပို့သခြင်း၊ တရားရှုမှတ်ခြင်းများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

“ဆုလာဘ်ပိုင်”ကုမ္ပဏီမိသားစုမှ လစဉ် ၂၁ ရက်နေတိုင်း၌ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင်ပင်စင်လစာလာရောက်ထုတ်ယူသည့် ဘိုးဘွားများအား စတုဒိသာကျွေးမွေးလှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က(၂၈)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းနေ့ ၌ပင် ဘိုးဘွားများအား ပဉ္စမအကြိမ်မြောက်အဖြစ် ရူပဒါနဆံပင်ညှပ်အလှူနှင့်ခြေသည်းလက်သည်းညှပ်ပေးသည့်အလှူတို့ကိုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here