ရန်ကုန်တွင် ဝိုင်ဖိုင်ကြိုးအဟောင်းများ တဖြည်းဖြည်းများပြားလာ

0
27

ရန်ကုန်တွင် ဝိုင်ဖိုင်ကြိုးအဟောင်းများ တဖြည်းဖြည်း များပြားလာကာ လျှပ်စစ်မီးကြိုးများနှင့် ညိပြီး မီးကြိုးများ ပြတ်ကျခြင်း၊ ရှော့ဖြစ်ခြင်းများ အဖြစ်များလာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“ကျွန်တော်တို့ တိုက်အောက်က တိုင်တွေဆို ကြိုးတွေက ရှုပ်ပွေနေတာပဲ၊ လွန်ခဲ့တဲ့အပါတ်ကပဲ ဝိုင်ဖိုင်ကြိုးလာပြင်ကြတာ တခြားကြိုးတွေပါ မှားဖြတ်မိလို့ တခြားဝိုင်ဖိုင်လိုင်းတွေရော မီးလိုင်းတွေရော ပျက်သွားသေးတယ်” ဟု ရန်ကင်းမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောပြသည်။

သို့သော်လည်း ယင်းဖြစ်စဉ်များသည် ပုံမှန်ကြုံတွေ့နေရသည့် ကိစ္စရပ်များသဖွယ် သဘောထားလာကြပြီး ဓာတ်တိုင်များတွင် မသွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးအဟောင်းများကို ဖယ်ရှားပေးရန် လိုအပ်နေသည်ဟု သူကမြင်ကြောင်း အထက်ပါ အမျိုးသားကပြောသည်။

လက်ရှိတွင်လည်း မြို့နယ်လျှပ်စစ်ရုံးများအနေဖြင့် ဓာတ်တိုင်များတွင် သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများကို တရားမဝင်သည့်အတွက် လိုက်လံဖြတ်တောက်နေရပြီး ရှင်းမနိုင်ဖြစ်နေရကြောင်း လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က လိုက်ဖြတ်တော့လည်း အငြိုငြင်ခံရသေးတယ်ဗျ၊ အမှန်တော့ ဝိုင်ဖိုင် ကုမ္ပဏီတွေအနေနဲ့ စဆွဲကတည်းက ကိုယ့်တိုင်ကိုယ်စိုက်ဖို့အတွက် ခွင့်ပြုချက်တင် လုပ်ရမှာတွေပါ။ အခုရှေ့ကရှင်း နောက်တဖွဲ့က ပြန်လာဆွဲနဲ့ လည်နေတယ်” ဟု ယင်း လျှပ်စစ်ရုံးဝန်ထမ်းက ပေါ်ပြူလာနယူးသို့ ပြောသည်။

ထို့ကြောင့် လက်ရှိတွင် ဝိုင်ဖိုင်ကြိုးအဟောင်းများကို ပြန်လည်ဖယ်ရှားရန် မလွယ်ကူတော့ဘဲ ကြိုးအဟောင်းများ ပြန်လည်ဖယ်ရှားမည်ဆိုပါက ကုမ္ပဏီအားလုံးဖြင့် ညှိနှိုင်းပြီး ဖယ်ရှားမှသာ အဆင်ပြေနိုင်ကြောင်းလည်း သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်ကမူ တောင်ဥက္ကလာမြို့ နယ်တွင်းတွင် ဝိုင်ဖိုင်ကြိုးသွယ်တန်းပေးသည့် ဝိုင်ဖိုင်ကုမ္ပဏီဝန်ထမ်းတစ်ဦး ဓာတ်လိုက်‌ေ-သဆုံးမှုဖြစ်ခဲ့သလို ဩဂုတ်လကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဦးရွှေစိုးလမ်း မီးလောင်မှုဖြစ်စဉ်ကို သွားသည့် မီးသတ်သမားတစ်ဦးသည်လည်း ဝိုင်ဖိုင်ကြိုးဖြင့် ချိတ်မိကာ ကားပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here