မြောက်ကိုရီးယားနိုင်ငံသည် ယနေ့ကြာသပတေးနေ့အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဂျပန်ပင်လယ်ဘက်သို့ရှေးရှု၍ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များကို ကိုးကား၍ တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။
ယင်းဒုံးကျည်ပစ်လွှတ်မှုကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနလည်း အစီရင်ခံတင်ပြခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဆိုသည်။
ဝန်ကြီးဌာန၏ ပဏာမခန့်မှန်းချက်အရ အဆိုပါ ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာဖြစ်သော၊ ဂျပန်နိုင်ငံ အိုကုရှီရိ ကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်တွင် ကျရောက်မည်သိရသည်။
ဒုံးကျည်သည် မတ်စောက်သော လမ်းကြောင်းတစ်လျှောက် ပျံသန်းသည့် တိုက်ချင်းပစ်ဒုံးကျည်(ICBM) ဖြစ်နိုင်ဖွယ်ရှိကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဆိုသည်။
“ပျံသန်းမှုကြာချိန်က ၈၆ မိနစ်ဖြစ်ပြီး အရှည်ဆုံး ပျံသန်းချိန်လည်း ဖြစ်ပါတယ်။ ဒုံးပျံဖြတ်သန်းသွားတဲ့ ခရီးအကွာအဝေးက ကီလိုမီတာ ၇၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာကာတာနီက ပြောကြားခဲ့သည်။
“ဒုံးကျည်ဟာ အမျိုးအစားသစ် ဟုတ်မဟုတ်ကို ဆုံးဖြတ်ဖို့ ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပေမယ့် တိုက်ချင်းပစ်ဒုံးကျည်လို့ ကျွန်တော်တို့ မှတ်ယူနိုင်ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ဂျပန် အစိုးရအဖွဲ့ ဝန်ကြီးများက အမျိုးသား လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့သည်။
ယင်းသည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ၁၂ ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုဖြစ်သည်။