ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန်(Event Calender)များကို နှစ်စဉ်ထုတ်ဝေနိုင်ရေး ကြိုတင်ပြင်ဆင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အောက်တိုဘာ ၃၁ ရက်၌ နေပြည်တော်တွင် ကျင်းပသည့် ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိပြီး သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသလမ်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူများကို ရှင်းလင်းချပြ ဆွေးနွေးနိုင်သည့် Tourism Investment Forum များ ပြုလုပ်ရန်၊ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန် (Event Calendar) များ နှစ်စဉ်ထုတ်ဝေရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။