ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းပေါ်ရှိ ဂတ်စ်ဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားကာ အိမ်စီးကား (၁)စီးနှင့် လုပ်ငန်းသုံး ကား (၁)စီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေး အသင်းများနှင့် ဒေသခံတို့ထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ (၃) ရက်၊ နံနက် (၅)နာရီ (၂၁)မိနစ်အချိန်ခန့်က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာလမ်းပေါ်ရှိ ဂတ်စ်ဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ ဒေသခံများနှင့် နယ်မြေခံလူမှုကူညီရေးအသင်းများ ထွက်ခွာမီးငြှိမ်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထွက်ခွာ၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ (၃၂)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၅)နာရီ (၃၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂတ်စ်ဆိုင်မီးလောင်ကျွမ်းကြောင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း အိမ်သုံးကား (၁)စီးနှင့် လုပ်ငန်းသုံး ကား(၁)စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။