အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ကမ်မလာဟဲရစ်တို့သည် မဲဆွယ်ကာလ နောက်ဆုံးရက်သတ္တပတ်တွင် မဲတစ်ပြားအတွက် မည်သူ့ကိုသမ္မတအဖြစ်ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးသည့် မဲဆန္ဒရှင်များထံ နောက်ဆုံးအကြိမ် စည်းရုံးရေးဆင်းခဲ့ကြသည်။
လူထုသဘောထား စစ်တမ်းများအရ ပြိုင်ဆိုင်မှုပြင်းထန်သည့် အနေအထားကို ဆက်လက်ဖော်ပြနေပြီး သမ္မတလောင်းနှစ်ဦးသည် အကြိတ်အနယ်ဖြစ်နေသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် သုံးရက်သာလိုတော့ချိန်တွင် ပြိုင်ပွဲအဆုံးအဖြတ်သည် အကြိတ်အနယ်ယှဉ်ပြိုင်ရသော အဓိကပြည်နယ်ကြီးများဆီ ရောက်သွားဖွယ်ရှိသည်။
စနေနေ့တွင် ထရမ့်ပ်က မြောက်ကာရိုလိုင်းနားတွင် မဲဆွယ်စည်းရုံးခဲ့ပြီး ဟဲရစ်က ဂျော်ဂျီယာတွင် မဲဆွယ်သည်။ ဒုတိယသမ္မတသည်နောက်ပိုင်းတွင် မြောက်ကာရိုလိုင်းနားရှိ သူ၏ မဲဆွယ်ပွဲသို့ သွားရောက်ခြင်းဖြင့် ရွေးကောက်ပွဲနေ့တွင် ယင်းပြည်နယ်၏ အရေးပါမှုကို ထင်သာမြင်သာရှိစေခဲ့သည်။
ပြည်နယ်စစ်တမ်းကောက်ယူမှုအသစ်များတွင် ဒီမိုကရက်တို့ အားသာသည့် ပြည်နယ်များ၌ ကွာဟမှုကျဉ်းမြောင်းစွာဖြင့် အပြိုင်ဖြစ်နေပြီး မီချီဂန်၊ ဝစ္စကွန်ဆင်ပြည်နယ်တို့တွင် ဟဲရစ်ဘက် အနည်းငယ်တိမ်းစောင်းမှုရှိကာ ပင်ဆယ်ဗေးနီးယားတွင် အကြိတ်အနယ်ရှိနေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်မူ သမ္မတလောင်းနှစ်ဦးသည် ထောက်ခံမှုအသာစီးမရကြဘဲ ရှိနေဆဲဖြစ်သည်။
ဒေမွမ်းအင်န်မီဒီယာကွမ်း၏ စစ်တမ်းအသစ်အရ ထရမ့်ပ်သည် အိုင်အိုဝါပြည်နယ်တွင် အသာစီးရခြင်းမရှိတော့ဟု ဖော်ပြသည်။ ယင်း စစ်တမ်းသစ်အရ ၂၀၁၆ နှင့် ၂၀၂၀ တို့တွင် ထရမ့်ပ် ဦးဆောင်ခဲ့သော ပြည်နယ်သည် ပြတ်သားသည့် အသာစီးရသူ မရှိတော့သည်ကို ပြနေသည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
Ref: ဒီဒဗ္ဗလျူ၊ စီအင်န်အင်န်