မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့အရုဏ်တတ်ချိန်၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၄၀)ကြိမ်မြောက်ရှိပြီး ဖြစ်သည်။
အဆိုပါ ဆွမ်းအိုးမျှောမည့် အတ္တရံမြစ်ကမ်းနား တစ်လျှောက်တွင် နံနက်အာရုဏ်တက်ချိန်မှစ၍ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးအား ရိုသေလေးမြတ်စွာဖြင့် ဆွမ်း၊ ရေချမ်း၊ ဆီမီးဖရောင်တိုင်များ၊ အမွှေးနံသာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကို အတ္တရံမြစ်ရေတက်လာချိန်တွင် ဒေသခံပြည်သူများက မြစ်အတွင်းသို့ ဆွမ်းအိုးများ မျှောကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၏ ဖောင်တော်ရှေ့တွင် ဆီမီးဖရောင်းတိုင်များ ထွန်းညှိပူဇော်ကြပြီး မိမိတို့အလိုရှိရာ ဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်ကြီး ထံ ဆုတောင်းကြောင်း သိရသည်။