Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် တစ်ပွဲသာ ကျန်ရှိနေချိန်၌ သွင်းဂိုးအများဆုံးသွင်းယူနိုင်သည့် တိုက်စစ်မှူးနှစ်ဦးထွက်ပေါ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။
၎င်းတို့မှာ ISPE အသင်းမှ တိုက်စစ်မှူးလင်းမြင့်မိုရ်နှင့် ဧရာဝတီအသင်းမှ တိုက်စစ်မှူး စန်းသော်သော်တို့ဖြစ်ပြီး၊ ပွဲစဉ် တစ်လျှောက် သွင်းဂိုး (၁၉) ဂိုးစီသွင်းယူ၍ အပြိုင်ရပ်တည်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် စန်းသော်သော် ကစားနေသည့် ဧရာဝတီအသင်းသည် ပွဲစဉ်အားလုံး ကစားရန် ပြီးဆုံးပြီဖြစ်သဖြင့် သွင်းဂိုး (၁၉) ဂိုးနှင့်သာ နှစ်သိမ့်ခဲ့ရပြီဖြစ်သည်။
သို့သော် တိုက်စစ်မှူး လင်းမြင့်မိုရ် ကစားနေသည့် ISPE အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားကြရဦးမည်ဖြစ်ရာ၊ ထိုပွဲစဉ် အတွင်း ၎င်းအနေဖြင့် သွင်းဂိုးထပ်မံ ရရှိပါက ယခုနှစ်အတွက် ဂိုးသွင်းအများဆုံး သွင်းယူနိုင်သည့် ကစားသမားဆုကို ဆွတ်ခူးမည်ဖြစ်သည်။
သွင်းဂိုး ထပ်မံမသွင်းယူနိုင်ပါက (၁၉) ဂိုးစီဖြင့် တိုက်စစ်မှူးနှစ်ဦး ပူးတွဲဆု ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ISPE အသင်းမှ ခင်မာလာထွန်းနှင့် မြဝတီ( ယခု ဧရာဝတီ အသင်း)မှ စန်းသော်သော်တို့က သွင်းဂိုး (၁၆) ဂိုးစီဖြင့် ပူးတွဲ ရရှိခဲ့ကြသည်။