တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုစီမံချက်ကို မြန်မာနိုင်ငံမှအလေးထားဆောင်ရွက်နေဟု နစက ဥက္ကဋ္ဌပြော

0
18

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် ကူမင်းမြို့၌တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံအနက် တရုတ်နိုင်ငံသည် ဒုတိယအများဆုံးနိုင်ငံဖြစ်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကိုအထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနဲ့ နည်းပညာအကူအညီတွေ ပူးပေါင်းဆောင်ရွက်မှုတွေ စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် ဆက်လက်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအရ စီးပွားရေးစင်္ကြံ တည်ဆောက်မှုစီမံချက်ကို မြန်မာဘက်ကအလေးထားဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအား နယ်မြေဒေသအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၊ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးအရ တက်ကြွသည့် အမြင်များနှင့် ထက်သန်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုတွေ့မြင်ခဲ့ရသောကြောင့် မြန်မာဘက်မှလိုအပ်သည့် အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေး၊ အားကစား၊ ကျန်းမာရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် လုပ်ဆောင်လိုသည့် အစီအမံများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသေးစိတ်ညှိနှိုင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here