တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခု လဲလှယ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang တို့ တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည်။
ယင်းတို့တွင် မြန်မာကောင်စစ်ဝန်ရုံး၊ ကူမင်းမြို့နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များ နှင့် အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ပါဝင်သည်။
ထို့အပြင် တိကျစွာတိုင်းတာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ၊ တရုတ်နိုင်ငံ၏ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန(SAC) နှင့် မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့အကြား နားလည်မှု စာချွန်လွှာ၊ အားကစားကဏ္ဍမြှင့်တင်ရေး နားလည်မှု စာချွန်လွှာ စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့လဲလှယ်ခြင်းကို နှစ်နိုင်ငံ တာဝန်ရှိသူများက နစကဥက္ကဋ္ဌနှင့် တရုတ်ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။