ပေကျင်း၊နိုဝင်ဘာ ၁၄
တရုတ်နိုင်ငံ၏ ပထမဆုံးကမ်းလွန် PV စီမံချက်သည် တစ်ဂစ်ဂါဝပ်အထိထုတ်လုပ်နိုင်ပြီး ယခုအခါ အဆိုပါစီမံချက်၏ ကနဦးဓါတ်အားထုတ်လွှတ်မှုအဖြစ် ပြည်နယ်ဓါတ်အားပေးဝေရေးဌာနများသို့ အောင်မြင်စွာချိတ်ဆက်ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း အစိုးရ ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။
ယခုစီမံချက်သည် ကမ်းလွန်နေရောင်ခြည်စွမ်းအင်ကိုအသုံးချမှု၌ ကမ္ဘာလုံးဆိုင်ရာ စံနမူနာတစ်ခုအဖြစ်ဆောင်ရွက်သည့် ခြေလှမ်းသစ်တစ်ခုလည်းဖြစ်သည်ဟုပြောကြားခဲ့သည်။
ထို့ပြင် ယခုစီမံချက်သည် ကမ်းလွန်တပ်ဆင်မှုများအတွက် စတီးလ်ပလက်ဖောင်းဖြင့်ပြုလုပ်ခြင်းနည်းပညာကို ကမ္ဘာပေါ်၌ ပထမဆုံးအသုံးပြုထားသည့်စီမံချက်တစ်ခုလည်းဖြစ်ကြောင်း စီအိတ်ခ်ျအင်န် စွမ်းအင်ဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်။
သမားရိုးကျထုတ်လုပ်မှုများနှင့်နှိုင်းယှဉ်ပါက ယခုစီမံချက်သည် စွမ်းရည်ပိုမြင့်ပြီး အချိန်တစ်ယူနစ်လျှင် သာမန် PV စီမံချက်များထက် လျှပ်စစ်ဓါတ်အားပိုမိုပို့ဆောင်ပေးနိုင်ကာ ကုန်ကျစရိတ်လည်းသက်သာစေသည်ဟုသိရသည်။
အဆိုပါစီမံချက်ကို ယခုနှစ်ဇူလိုင်လတွင် တရုတ်နိုင်ငံတော်ကောင်စီက အတည်ပြုပေးခဲ့ပြီး ဧရိယာ ၁,၂၂၃ ဟက်တာခန့်ရှိကာ စုစုပေါင်းသိုလှောင်နိုင်မှုမှာ ၁ ဂစ်ဂါဝပ်အထိရှိသည်ဟုလည်းသိရသည်။ အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ပါက နှစ်စဉ် ၁ ဒသမ ၇၈ ဘီလျံကီလိုဝပ်ထုတ်လွှတ်နိုင်မည်ဖြစ်ကာ တရုတ်မြို့ပြရှိ လူပေါင်း ၂ ဒသမ ၆၇ သန်း၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ကာမိစေမည်ဟုဆိုသည်။
ယခုစီမံချက်ကြောင့် တရုတ်နိုင်ငံ၏စွမ်းအင်ထုတ်လုပ်ရေးတွင်အသုံးပြုနေရသည့် ကျောက်မီးသွေးတန်ချိန် ၅၀၃,၈၀၀ ကိုလျော့ကျစေမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို တန်ချိန် ၁ ဒသမ ၃၄ သန်းလျှော့ချနိုင်မည်ဖြစ်ကြောင်းလည်းသတင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ဟောင်ကောင်အခြေစိုက် စက်မှုလုပ်ငန်းသုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် China Forward Industry Research Institute ကမူ တရုတ်နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်ဓါတ်အားထုတ်လွှတ်မှုသည် ၂၀၂၇ ခုနှစ်တွင် ၆၀ ဂစ်ဂါဝပ် ကို ပင် ကျော်လွန်သွားနိုင်သည်ဟုလည်းခန့်မှန်းထားသည်။
Source :ဂလိုဘယ်လ်တိုင်းမ်စ်