မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့)၌ မြို့လုံးကျွတ် ဆွမ်းအိုးမျောပွဲတော်နှင့် စတုဒီသာကျွေးမွေးမှုများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ဆွမ်းအိုးမျောပွဲကို သံလွင်မြစ်ကမ်းနဘေးတစ်လျှောက် နံနက် ၄ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး၊ ယင်းနောက် မြို့လုံးကျွတ် စတုဒီတာကျွေးမွေးမှုအစီအစဉ်များကို ရပ်ကွက်အလိုက် တစ်နေကုန် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်ကနေ ပြန်လုပ်တာပေါ့။ ဒါပေမယ့် အခုနှစ်လို ဇာတ်ပွဲတွေ ၊ ပျော်ပွဲရွှင်ပွဲတွေ သိပ်မပါဘူး။ ဒီနှစ်ကတော့ အစည်ကားဆုံးနှစ်ပါ။ ဇာတ်ပွဲတွေလည်းပါတယ်။ ဆွမ်းအိုးမျောပွဲတော်က မော်လမြိုင်မြို့ရဲ့ နှစ်စဉ် ဓလေ့ပွဲတော်ပါ။ အရင် ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ရပ်နားထားပေးမယ့် မနှစ်က စလုပ်တာပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း မော်လမြိုင် နဂါးမောက်ဘုရားစတုဒီသာ အပါအဝင် နေရာ ၇၀ နီးပါးခန့်တွင် စတုဒီသာများ စတင် ကျွေးမွေးလျှက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းအိုမျှောပွဲတော်ကို နှစ်စဉ် မော်လမြိုင်မြို့တွင် ဒေသတွင်းဓလေ့တစ်ခုအဖြစ်ကျင်းပပြုလုပ်ခဲ့သည်မှာ ရှေးယခင်ကတည်းကဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။
“ဆွမ်းအိုးထဲမှာ ထမင်းဟင်းပါတာရှိသလို အသီးအနှံပါတာမျိုးတွေလည်းရှိတယ်။ ဆွမ်းအိုးမျှောရင်းနဲ့ လိုရာဆု တောင်းကြတဲ့ ဒေသဓလေ့တစ်ခုပါ”ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- CJ