မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် နိုဝင်ဘာ ၁၄ ရက်နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒု-ဝန်ကြီးချုပ်များနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။