လူကုန်ကူးခံရသူ မြန်မာအမျိုးသား (၃) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ယမန်နေ့ နိုဝင်ဘာ (၁၄)ရက်၊ နံနက်ပိုင်းက မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ Chiang Rai တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီး ဌာနမှ Miss. Jiraporn Khumput ဦးဆောင်သော သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ မြဝတီခရိုင် ပြန်လည်ထူထောင်ရေးဦးစီးဌာန (ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီ၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြဝတီ)မှဒုတိယရဲမှူး သက်ဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(မြဝတီ)မှ လဝကမှူး ဦးရာဇာသက်တို့က လွှဲပြောင်းပေးအပ်မှုကို စနစ်တကျ လက်ခံဆောင်ရွက်ကြခြင်း ဖြစ်သည်။
ယင်းသို့ လွှဲပြောင်းလက်ခံထားသည့် အမျိုးသားသုံးဦးတို့အား ဌာနဆိုင်ရာ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုအားပေးစကား ပြောကြားပေးပြီး ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာတွင် ခေတ္တစောင့်ရှောက်ထားရှိကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။