ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချာဘူရီပြည်နယ် Suan Phung ခရိုင်တွင် ကြာသပတေးနေ့ နံနက်ပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားနေရာကို သွားရောက်ခဲ့သော ရဲတပ်ဖွဲ့၊ ဆရာဝန်တစ်ဦးနှင့် ကယ်ဆယ်ရေးလုပ်သားများသည် Suan Phung မြို့ Pong Song Koh ကျေးရွာသို့သွားရာ ကျောက်စရစ်လမ်းတစ်ခုပေါ်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု Suan Phung ရဲစခန်းမှ တာဝန်ကျရဲအရာရှိ ရဲမှူး ချိုင်ဝပ် ပူရင်ထရာဖီဘန်က ပြောဆိုပြီး အခင်းဖြစ်စဉ်ကို နံနက် ၄ နာရီခွဲခန့်တွင် သူ ကြားသိခဲ့ရခြင်းဟု ဆိုခဲ့သည်။
အောင်ဆန်းအမည်ရ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ဗိုက်နှင့် ဦးခေါင်းတို့တွင် သေနတ်ဒဏ်ရာနှစ်ချက် ရရှိထားကာ ညဘက်လက်တွင်လည်း ဒဏ်ရာတစ်ချက်ရရှိထားသည်။ လမ်းပေါ်တွင် ကျည်ဆန်တစ်တောင့် တွေ့ရှိခဲ့သည်။ သူ၏ အလောင်းပေါ်မှ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေသားအချို့၊ ရွှေ့ပြောင်းနေထိုင်သူ ကတ်နှင့် ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
နောက် မီတာ ၃၀၀ ခန့်အကွာတွင် နောက်ကျော၌ သေနတ်ဒဏ်ရာရရှိထားသော ဒုတိယမြောက် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး သူသည် စောစော အမည်ရ မြန်မာအမျိုးသားတစ်ဦးဖြစ်သည်ဟု နောက်ပိုင်းတွင် ဖော်ထုတ်နိုင်သည်။ ယင်းနေရာတွင် သွေးကွက်ကြီးဖြစ်နေသည်ကိုလည်း တွေ့ခဲ့ရသည်။ သေဆုံးသူပိုင်ဟု ယူဆရသည့် ဖိနပ်တစ်ရံတွေ့ရှိခဲ့ပြီး အနီးတွင် အသုံးပြုပြီး ကျည်နှစ်တောင့်ကိုလည်း တွေ့ရှိခဲ့သည်။
ကျေးရွာ၏ ဒုတိယအကြီးအကဲဖြစ်သူ Naruemol Kaewchaemsri က အခင်းဖြစ်ပွားရာလမ်းသည် ကားနှင့် ယာဉ်ကြီးများ မဝင်သာလောက်အောင် ကျဉ်းမြောင်းသဖြင့် ဆိုင်ကယ်များသာ အဓိကအသုံးပြုကြသည်ဟု ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့သည်။ ပြစ်မှု ကျူးလွန်သူများသည် လမ်းကြောင်းကို ကျွမ်းကျင်နေသူများဖြစ်ရမည်ဟုလည်း သူက ထင်မြင်ချက်ပေးသည်။
ရဲတပ်ဖွဲ့က ၎င်းတို့၏ ဆွေမျိုးသားချင်းကို စုံစမ်းမေးမြန်းခဲ့ရာ၌ သူတို့နှစ်ဦးသည် ဗုဒ္ဓဟူးနေ့ ည ၈ နာရီခွဲက အခြားမိတ်ဆွေ လေးဦးနှင့်အတူ ဆမွတ်ဆာခွန်ရှိ နေအိမ်အသီးသီးမှ ကားနှစ်စီးဖြင့် ထွက်သွားခဲ့ကြခြင်းဟု ဆိုသည်။ ဆွေမျိုးသားချင်းများက သူတို့ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခဲ့ကြခြင်း မရှိဟု ဆိုသည်။
အမှုစစ်ရဲများက ကျူးလွန်သူများနှင့် ပတ်သက်သော ဖြစ်နိုင်ဖွယ်သဲလွန်စများကို ရှာဖွေရန် လမ်းကြောင်းတလျှောက်နှင့် အနီးအနားရှိ ရုပ်သံကင်မရာများကို စစ်ဆေးလျက်ရှိသည်။ ယခုကဲ့သို့ ပစ်သတ်မှုကျူးလွန်ရသည့် အကြောင်းရင်းကိုမူ လက်ရှိတွင် မဆုံးဖြတ်နိုင်သေးပေ။
Ref: ဘန်ကောက်ပို့စ်