ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်၍ နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်တွင် ရထားလမ်းပိုင်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
တိုင်ဖွန်းမုန်တိုင်း “ယာဂီ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှု အပေါ် ပေ (၆၀) ဘေလီ သံပေါင်ဖြ င့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သဖြင့် နိုဝင်ဘာ (၁၈) ရက်နှင့် (၁၉) ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်သည်။
အဆိုပါ နေ့ရက်များတွင် သာစည်-မန္တလေး ပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ် (၂) အစုန် စာပို့ရထားများကို ယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး- ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများကို ရန်ကုန် – သာစည် – ရန်ကုန် ခရီး စဉ်အဖြစ် ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ စမုံနှင့်သပြေတောင်းကြား အဆန်လမ်းတံတား အမှတ် (၆၉၁) (စမုံတံတား) ကို အသေးစိတ်ပြုပြင်မှုများပြုလုပ်ပြီး နိုဝင်ဘာ (၂၀) ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသောရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့် မန္တလေး ခရီးဆုံးဘူတာများအထိ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။