မော်လမြိုင်မြို့တွင် တန်ဆောင်တိုင်ကာလ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦးခန့်အထိ ရှိခဲ့ကြောင်း ဒေသအခြေစိုက် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ကိုဘိုဘိုဝင်းက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ ယာဉ်တို-က်မှုများမှာ ဆိုင်ကယ်အချင်းချင်း မတော်တဆတိုက်မှုအပါအဝင် ကားနှင့် ဆိုင်ကယ်တိုက်မိသည့် အခြေအနေမျိုးများဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိရုံမှအပ အသက်ဆုံးရှုံးမှုမျိုးအထိ မရှိကြောင်း သိရသည်။
သို့သော် မုဒုံမြို့နယ်၊ မော်လမြိုင်-ရေးကားလမ်းပေါ်ရှိ ခပ်ရခပ်ယူထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အနီး နိုဝင်ဘာ (၁၅) ရက်က လမ်းကြားအတွင်းမှ ထွက်လာသည့် ဆိုင်ကယ်နှင့် လမ်းမကြီးပေါ် မောင်းလာသည့် ခြောက်ဘီးယာဉ်တို့ တို-က်မိကြရာ ဆိုင်ကယ်စီးနင်းလာသူ ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦး အသက်ဆုံးရှူံးခဲ့ရသည်။
၎င်းတို့မှာ အသက် (၁၀)နှစ်မှ (၁၆)နှစ်ကြားရှိ လူငယ်သုံးဦးဖြစ်ပြီး အခင်းဖြစ်နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်ကာလအတွင် မော်လမြိုင်မြို့သည် ယခင်နှစ်များထက် ဘုရားဖူးလာရောက်သည့် ဧည့်သည်များဖြင့် စည်းကားလျှက်ရှိသည့်အပြင် မြို့လုံးကျွတ် စတုဒီသာအလှူပွဲများကြောင့် အထူးစည်ကားခဲ့သည်။
ယင်းအတွက် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်များအတွင်း ဘုရားပွဲများ၊ ဘုရားဖူးယာဉ် များဖြင့် အသွား အလာစည်ကားနေသဖြင့် ကား၊ ဆိုင်ကယ်များကို သတိထားမောင်းနှင်ကြရန် လူမှုကူညီရေးအသင်းများက တိုက်တွန်းထားသည်။