နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
နစက ဥက္ကဋ္ဌမှ ဖွင့်ပွဲအခမ်းအနားအတွင်း မဏိရတနာကျောက်စိမ်းခန်းမအတွင်းရောင်းချရန် ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကိုလည်း ကြည့်ရှုခဲ့သည်။
ယနေ့မှ စတင်၍ နိုဝင်ဘာ ၂၇ ရက်အထိ (၁၀)ရက်ကြာ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ပုလဲအတွဲပေါင်း (၂၈၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၁၆၀)နှင့် ကျောက်စိမ်းအတွဲပေါင်း(၄၈၀၀)တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန် ရည်ရွယ်၍ ရောင်းချရာ၌ အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ မြန်မာကျပ်ငွေနှင့် ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီရောင်းချပေးသွားမည်ဖြစ်ကာ ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်(၄၅၀၀) ဦးကျော် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းလည်း သိရသည်။