ပွဲထွက်ကစားနိုင်မည့် ကစားသမားများအားလုံး မနက်ဖြန်တွင် ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မည်ကိုယုံကြည်သည်ဟု မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။
ယနေ့ နိုဝင်ဘာ ၁၈ ရက်ညနေ ၅ နာရီက သု၀ဏ္ဏ ဘောလုံးကွင်း၌ကျင်းပသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့၏ FIFA International “A” Friendly Match နိုင်ငံတကာခြေစမ်းပွဲစဉ်အတွက် ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” ပြိုင်ဘက် လက်ဘနွန်အသင်းက ဒီကိုမလာခင် ထိုင်းအသင်းနဲ့ခြေစမ်းခဲ့ပြီး ဂိုးမရှိသရေကျထားပါတယ်။ အဲ့ဒီပွဲကို ကျွန်တော်တို့ Video Analysis သေချာလုပ်ပြီးတော့ နည်းစနစ်ပိုင်းပြင်ဆင်ထားပါတယ်။ လက်ဘနွန်က အရပ်အမောင်းမြင့်မားပြီး ကြံ့ခိုင်မှုလည်းကောင်းတယ်။ သူတို့နဲ့ခြေစမ်းရတာ ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိပါတယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ပြော သည်။
ထို့ပြင် အာဆီယံချန်ပီယံရှစ်ပွဲဦးထွက်တွင် အင်ဒိုအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ရာ ၎င်းတို့နှင့် ခြေစွမ်းကွာဟမှုမရှိသည့် လက်ဘနွန်အသင်းနှင့် ခြေစမ်းပွဲယှဥ်ပြိုင်ကစားရခြင်းမှာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကောင်းမွန်သည့်ပြင်ဆင်မှုဖြစ်သည်ဟုလည်း ပြောသည်။
” လက်ရှိ အသင်းမှာ ဒဏ်ရာရကစားသမားတစ်ချို့ရှိနေသေးပေမယ့် ပွဲထွက်ကစားနိုင်မယ့် က စားသမားတွေအားလုံး မနက်ဖြန်မှာ ရလဒ်ကောင်းတစ်ခုရအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြော သည်။
ထို့အတူ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်ခဲ့ဘူးသည့် လက်ဘနွန်အသင်းနည်းပြနှင့်တွဲဖက်လေ့ကျင့်ခဲ့ရမှုကြောင့် ၎င်း၏ အကြောင်း ကိုသိထားကာ လက်ဘနွန်ကစားသမားများနှင့် ၎င်းတို့၏ ကစားဟန်ကိုလည်းကြည့်ထားပြီးဖြစ် ၍ မနက်ဖြန်ပွဲစဥ်၌ မိမိတို့အနေဖြင့်အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့သည် နိုဝင်ဘာ ၁၉ ရက်(မနက်ဖြန်) ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။