မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် FIFA International “A” Friendly Match နိုင်ငံတကာခြေစမ်းပွဲတွင် လက်ဘနွန်အသင်းအားရှုံးနိမ့်ခဲ့ရသည်။
ခြေစမ်းပွဲမစတင်မီ ယနေ့ပွဲစဥ်အတွက်ရရှိသည့် ကွင်းဝင်ကြေးငွေကျပ်သိန်း(၃၀)အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲ၌ ပြည့်ဖြိုးသူ(ဂိုး)၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ မောင်မောင်လွင်(အသင်းခေါင်းဆောင်)၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ အောင်ဝဏ္ဏစိုး၊ ဥက္ကာနိုင်တို့နှင့်ပွဲထွက်လာခဲ့ပြီး ပထမပိုင်းယှဥ်ပြိုင်ကစားပြီးချိန်၌ ၁ ဂိုး ၁ ဂိုး သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်ယှဥ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အသင်းတို့သည် အကြိတ်အနယ်ကစားကာ အ ပြန်အလှန်သွင်းဂိုးများသွင်းယူခဲ့ကြသော်လည်း ပွဲပြီးချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် လက်ဘနွန်အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။
လက်ဘနွန်အသင်းနှင့် ခြေစမ်းပွဲယှဥ်ပြိုင်ကစားရခြင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကောင်းမွန်သည့်ပြင်ဆင်မှုဖြစ်သည်ဟုလည်း မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ပြောကြားထားသည်။