တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changde မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရခဲ့သည်ဟု ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြသည်။
တရုတ်နိုင်ငံတွင် မကြာသေးမီလများအတွင်း လူအစုလိုက် ဓါးထိုးတိုက်ခိုက်ခံရခြင်းမှသည် လူအုပ်အတွင်း ကားနှင့်ဝင်တိုက်ခြင်းအထိ လူအသေအပျောက်များသော ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ပြည်သူ့လုံခြုံရေးဆိုင်ရာ မှတ်တမ်းကောင်းရှိသောနိုင်ငံတွင် တွေ့ရခဲသော အခင်းဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်ဖြစ်စဉ်တွင် ကျောင်းသားငယ်များစွာ ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန စီစီတီဗီက ဖော်ပြသော်လည်း အရေအတွက်အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုခဲ့သည်။ ယာဉ်တိုက်မှုသည် တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းလားဆိုသည်ကို မူနိုင်ငံပိုင်မီဒီယာက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
တရုတ်ဆိုရှယ်မီဒီယာ၌ ပျံ့နှံ့လာသော အခင်းဖြစ်စဉ် ဗီဒီယိုဖိုင်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှ အထိတ်တလန့်ထွက်ပြေးလာကြသော ကလေးငယ်များကို တွေ့ရသည်။ ဗီဒီယိုပြကွက်တစ်နေရာတွင် ကလေးငယ်များအပါအဝင် မြေပြင်၌ လူများစွာ လဲကျနေခဲ့သည်ကို မြင်တွေ့ရသည်။ ထို့အပြင် ယာဉ်တစ်စီး၏ဘေး မြေပြင်၌ လဲကျနေသည့် သွေးထွက်သံယိုဖြစ်နေသော အမျိုးသားတစ်ဦးကို လမ်းသွားလမ်းလာများက ရိုက်နှက်နေခဲ့သည်ကိုလည်း တွေ့ရသည်။
အခင်းဖြစ်စဉ်နှင့် ဆက်နွယ်သော အစောပိုင်းကတင်ခဲ့သည့် ဗီဒီယိုများကိုမူ တရုတ်အစိုးရ၏ တင်းကျပ်သော ဆိုရှယ်မီဒီယာပလက်ဖောင်းထိန်းချုပ်ရေးမူအရ ဖြုတ်ချပစ်ခဲ့ပုံရသည်။
လူဦးရေ ငါးသန်းကျော်နေထိုင်ရာ အလယ်ပိုင်းမြို့ Changde ရှိ Yong’an မူလတန်းကျောင်းအပြင်ဘက်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ဆိုရှယ်မီဒီယာပေါ်တွင် လူပြောအများဆုံး အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး နံနက် ၁၁း၁၀ နာရီလောက်မှာပင် Weibo ဆိုရှယ်မီဒီယာပေါ်၌ ကြည့်ရှုသူ ၉၅ သန်းကျော်သွားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် လူများစွာ သေဆုံးရသည့် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရပြီး ယင်းသည် နိုင်ငံ၏ စီးပွားရေးနှေးကွေးေနမှု၊ လူ့အဖွဲ့အစည်းအတွင်း လူနေမှုအဆင့်အတန်းကွာဟချက် ပိုမိုကြီးမားလာမှုစသော အခြေအနေများကို ဒေါသထွက်ခြင်း၊ စိတ်ပျက်အားငယ်ရခြင်းများနှင့် ဆက်စပ်နေသည်ဟု လေ့လာသူအချို့က ပြောဆိုခဲ့သည်။
REF; သည်စထရိတ်တိုင်းမ်စ်