မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစွမ်း၊ ကစားပုံတို့နှင့်ပတ်သက်၍ လက်ဘနွန်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က ပွဲပြီးပြောစကားပြောကြားရာ၌ ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ ခြေစမ်းပွဲသည် ကောင်းမွန်သည့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ပွဲချိန်အတွင်း၌ အကြိတ်အနယ်ရှိခဲ့သည်ကို သွင်းဂိုး ၅ ဂိုးကိုကြည့်ခြင်းဖြင့် မြင်တွေ့နိုင်ပြီး မိမိအသင်းအနေဖြင့် လူစားလဲပုံများထိရောက်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်ဟု ပြောသည်။
” မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ကစားပုံကိုချီးကျူးပါတယ်။ မြန်မာအသင်းအပေါ် လေးလေးစားစားနဲ့အကြံပြုရရင် အနိုင်ရနေချိန်မှာကစားပုံပါးနပ်မှုရှိဖို့လိုတယ်လို့ ထင်ပါတယ်”ဟု လက်ဘနွန်အသင်းနည်းပြချုပ် ရာဒူလိုဗစ် ကပြောကြားခဲ့သည်။
ထို့အတူ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှလည်း “ပထမဆုံးပြောချင်တာက အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူး တင်ပါတယ်။ ကျွန်တော့် ကစားသမားတွေအနေနဲ့ ဒီနေ့ပွဲမှာညွှန်ကြားထားတဲ့အတိုင်း အစွမ်းကုန် ကြိုးစားကစားပေးခဲ့ကြပါတယ်။ အဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်။ သူတို့တွေအား ထုတ်ခဲ့ကြလို့သာ ကိုယ်နဲ့ ကမ္ဘာ့အဆင့် ၅၀ လောက်ကွာတဲ့အသင်းကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။