နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ပြောသည်။
ထိုသို့ ဖျက်ဆီးခဲ့မှုများကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေရသဖြင့် နိုင်ငံအတွက်ထိခိုက်နစ်နာစေသည်ကိုလည်း ပြောကြားသည်။
အကြမ်းဖက်သမားများ၏ အသိဉာဏ်အားနည်းမှုနှင့်ပတ်သက်၍လည်း ” အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြခြင်းဟာ ပြည်ပက သွေးထိုးမြှောက်ပင့်ပေးမှုတွေ အသိပညာအတတ်ပညာအားနည်းတာတွေ ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းတာတွေကြောင့်ပဲ ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် အစိုးရအနေဖြင့် အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရန် ပညာရေးကိုအားပေးဆောင်ရွက်နေခြင်းဖြစ်ကာ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်မှုများရရှိမည်ဟု ပြောသည်။
ထို့အတူ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေ ထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်၍ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့်ဒေသခံများ၏ လုံခြုံရေးကိုဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများလျော့ပါးစေရန် ကောင်စီဝင်များက ဒေသခံများနှင့်အတူပူး ပေါင်း၍ ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။