နာဂဒေသတွင် ဆောင်းတွင်းကာလထွက်သည့် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူလျှက်ရှိကြောင်း ထန်ပါခွေဒေသခံများထံက သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဆောင်းတွင်းကာလ ရာသီပေါ်ဖြစ်သော ကျောက်ကြမ်းပိုး ရောင်းသူ၊ ဝယ်သူများဖြင့် တပိုင်တနိုင်မိသားစု ဝင်ငွေရရှိလျက်ရှိပြီး ကျောက်ကြမ်းပိုး (၁၀)သား လျှင် (၃၆၀၀၀) ကျပ်ရရှိပြီး (၁) ပိဿာလျှင် (၃၆၀၀၀၀) ကျပ်ရရှိကြောင်းသိရသည်။
ကျောက်ကြမ်းပိုးကို လဟယ်၊ ခန္တီး၊ နန်းယွန်း၊ ပန်ဆောင်မြို့ ကိုယ်စားလှယ်များက လာရောက်ဝယ်ယူလျက်ရှိပြီး ကျောက်ကြမ်းပိုးများရှိရာ နန်စလိန်ချောင်း ကမ်းပါးအနီးတဝိုက်တွင် ကျောက်ကြမ်းပိုးရှာသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။
နာဂဒေသ၊ ထန်ပါခွေမြို့ ဒေသခံပြည်သူ လူငယ်များက ကျောင်းပိတ်ချိန်နှင့် တောင်ယာနားချိန် အားလပ်ချိန်များတွင် ကျောက်ကြမ်းပိုးရှာဖွေကြခြင်းဖြစ်ပြီး ထန်ပါခွေမြို့တွင် တစ်နှစ်တစ်ခေါက် ဆောင်းတွင်းတွင်သာ ရသည့်ရာသီပေါ် ကျောက်ကြမ်းပိုးကို ရှာဖွေရရှိနိုင်ခြင်းဖြစ်သည်။
ယခင်(၄)နှစ်ခန့်က ကျောက်ကြမ်းပိုး နို့ဆီတစ်ဗူးလျှင် ကျပ် (၅၀၀၀)မှ ကျပ်(၇၀၀၀)အထိ ဈေးရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်က နို့ဆီတစ်ဗူး ကျပ်(၁၀၀၀၀)မှ (၁၅၀၀၀)အထိ ပေါက်ဈေးရခဲ့ကြောင်းကျောက်ကြမ်းပိုးရှာသူများထံက သိရသည်။
ကျောက်ကြမ်းပိုးကို၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ဝယ်ယူပြီးနောက် ဈေးကောင်းရလာခြင်းဖြစ်ပြီး ယခင်က ကျောက်ကြမ်းပိုး နို့ဆီတစ်ဗူး ကျပ်ငွေ (၅၀၀)ခန့်သာ ရှိကြောင်း သိရသည်။
ကျောက်ကြမ်းပိုးကောင်များကို ဆေးဖော်စပ်ရန် တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ပြီး လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ် ကျောက်ကြို ကျောက်ကြားများတွင် တွေ့ရကြောင်း သိရသည်။
ကျောက်ကြမ်းပိုးများကို နံနက်ပိုင်းတွင် ကျောက်ခဲမျာအောက်တွင်ရှာဖွေကြရပြီး ညနေပိုင်း ကျောက်ကြမ်းပိုးအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဆန်ခါခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိကြကြောင်း သိရသည်။