ယူကရိန်းတွင် လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန်ကို သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က ခွင့်ပြုပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်သည်။
လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ အသုံးပြုရန် ယူကရိန်းအစိုးရကို ခွင့်ပြုထားပြီးဖြစ်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ် အရာရှိတဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
အရပ်သားများနေထိုင်ရာ ဒေသများတွင်မူ ထိုမိုင်းများအသုံးပြုမည်မဟုတ်ကြောင်းကို ယူကရိန်းဘက်မှ ကတိပြုထားကြောင်း အဆိုပါအရာရှိက ထပ်လောင်းပြောကြားခဲ့သည်။
၎င်းမိုင်းများသည် သတ်မှတ်ကာလတစ်ခုအတွင်းတွင်သာ အလုပ်လုပ်သော မိုင်းအမျိုးအစားများဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်သွားပါက အသက်မဝင်တော့သည့် ရေရှည်မတည်မြဲသောမိုင်းများဖြစ်ကြောင်းကိုလည်း သူက ရှင်းပြသည်။
ယူကရိန်းသို့ လူသတ်မြေမြှုပ်မိုင်း(antipersonnel landmines)များ ပို့ဆောင်ခြင်းကို ဘိုင်ဒင်အစိုးရကခွင့်ပြုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အပြင်ဘက်တွင် အမေရိကန် မြေမြှုပ်မိုင်းများ လွှဲပြောင်းပေးပို့ခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်ထားသည့် အမေရိကန်အစိုးရ၏ အစောပိုင်းမူဝါဒကိုပါ ပြောင်းပြန်လှန်ခဲ့ကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့သည်။