အသုံးစရိတ်များခွင့်ပြုထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒု-ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများတင်ပြခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့ကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် ကာကွယ်ရေးနှင့်လုံခြုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေးတွင် အဓိကဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များကို ခွင့်ပြုပေးသွားမည်ဟု ပြောသည်။
ထို့ပြင် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် အရည်အသွေးပြည့်မီသော အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာအသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များကိုလည်းခွင့်ပြုပေးမည်ဟု ပြောသည်။
ထို့အတူ ပြည်တွင်းထုတ်ကုန်တိုးမြှင့်စေရေးနှင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများ ပိုမိုလည်ပတ်နိုင်ပြီး စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေရေးနှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးတို့အတွက် အဓိကကဏ္ဍဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပလျက်ရှိသည့်အတွက် ထို အသုံးစရိတ်များကိုလည်း ခွင့်ပြုပေးသွားမည်ဟု ပြောသည်။
ထို့ပြင် မဖြစ်မနေသုံးစွဲရမည့်အသုံးစရိတ်များကိုလည်း ခွင့်ပြုထုတ်ပေးသွားမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။