မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင် (၁)ဆိုင်တွင် ယနေ့ နိုဝင်ဘာ (၂၁)ရက် ၊ နနက် (၁၀)နာရီ (၅၈)မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းနှင့် (၃)မိုင်ခန့်အကွာ၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင်(၁)ဆိုင် မီးလောင်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီ (၇)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ကာ နံနက် (၁၁)နာရီ (၁၇)မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ (၁၇) ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၅၀) အချိန်ခန့်ကလည်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)၊ သိင်္ဂီလမ်းနှင့် ယုဇနလမ်းထောင့်ရှိ နေအိမ် တစ်အိမ် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား (၁)ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်းလည်း ဒေသတွင်း သတင်းများအရ သိရသည်။