ပေကျင်း၊နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်ရှိ အကြီးစားတယ်လီကွန်းလိမ်လည်ဂိုဏ်းနှင့်စင်တာများအား ချမှုန်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများတိုက်ဖျက်ရေးကို ယမန်နှစ်တွင်တရုတ်ဘက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် တရားခံ ၅၃,၀၀၀ ကျော်ကိုဖမ်းဆီးနိုင်ခဲ့သည်ဟုသိရသည်။
အဆိုပါစစ်ဆင်ရေးအတွင်း တယ်လီကွန်းလိမ်လည်မှုဖြင့် သံသယရှိသူ ၁,၀၇၉ ဦးကို မြန်မာနိုင်ငံမြောက်ပိုင်း တန့်ယန်းဒေသတွင် ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲများနှင့် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေး အရာရှိများ ပူးပေါင်းစစ်ဆင်ရေးအတွင်း သံသယရှိသူများကို ယခုလိုဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။
၎င်းတို့အထဲမှ တရုတ်နိုင်ငံသား ၇၆၃ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့များသည် နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှုများကိုနှိမ်နင်းရာတွင် ဆက်လက်ဖိအားပေးလုပ်ဆောင်သွားဦးမည်ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Source : ရှင်းဟွာ