ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့သို့ စစ်ရှောင်နေကြသည့် စစ်ဘေးရှောင် (၂၀၀)ကျော်အနေဖြင့် လာမည့် လမှစကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း ကျေးသီးစစ်ရှောင်တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ကျေးသီးမြို့သို့ ရောက်ရှိနေသော စစ်ရှောင်အများစုမှာ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သီပေါနှင့် နမ့်လန်မြို့များမှဖြစ်ပြီး လက်ရှိအခြေအနေအရ အလှူရှင်ရှားပါးလာသည့်အတွက် စားသောက်ရေး အခက်အခဲများကြုံတွေနေကြရကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်များကို ကျေးသီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ခရစ်ကျောင်းနှင့် ဗလီစသည့် ဘာသာရေးအဆောက်အဦးများတွင်ထားရှိပြီး အချို့စစ်ရှောင်များမှာရပ်ကွက်များအတွင်း အိမ်ငှားရမ်းနေထိုင်သူများလည်းရှိနေကြောင်း သိရသည်။
” အခုက အလှူရှင်လုံးဝမရှိသလောက် ဖြစ်သွားပြီ။ စစ်ရှောင်စခန်းတွေမှာနေတဲ့သူတွေ အခု အပြင်ထွက်ပြီးအလုပ်လုပ်ကြတာပေါ့။ အချို့ကလည်း ပန်းရံ၊ ကြံခုတ်ရာသီဆိုတော့ ကြံခုတ်အမျိုးမျိုးပေါ့။ သူတို့ကို နေရေးအတွက်ဘဲ စီစဉ်ပေးတော့မယ်။ ကျန်တာကတော့ ကိုယ်ထူ ကိုယ်ထသွားကြရမှာပေါ့”ဟု ကျေးသီးစစ်ရှောင်တာဝန်ခံက ရှင်းပြသည်။
လက်ရှိတွင် ဒေသတွင်း တိုက်ပွဲများကြောင့် ရှမ်းတောင် နှင့် ရှမ်းမြောက် နယ်စပ်အကြားရှိ ကျေးသီး-မိုင်းရယ် ခိုလောင်တံတားကို တပ်မတော်က လုံခြုံရေးအရ ဖြတ်သန်းသွားလာမှုကို စိစစ်ကြပ်မတ်နေပြီး စားနပ်ရိက္ခာသယ်ဆောင်မှုများအပေါ်တွင်လည်း စစ်ဆေးခံယူပြီးမှ ခွင့်ပြုကြောင်း ဆိုသည်။
ပုံစာ – ကျေးသီးရောက်စစ်ရှောင်များ (ပုံဟောင်း)