မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့်စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုတို့ကြောင့် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိသဖြင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း များစွာအထောက်အကူပြုကြောင်း သိရသည်။