လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားဟု တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး Mr. Xu Ganlu က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သည်။
ဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒု-ဝန်ကြီး Mr. Xu Ganlu တို့သည် နိုဝင်ဘာ ၂၁ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဒု-ဝန်ကြီး Mr. Xu Ganlu မှ မြန်မာ -တရုတ်နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ဂိတ်တစ်ချို့ကို လုံခြုံရေးအရစိစစ်ခွင့်ပြုပေးလျက်ရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းများထိန်းချုပ်ထားရာနယ်စပ်ဂိတ်များကို လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အခြားနိုင်ငံများ၏ နယ်စပ်ဂိတ်များဝင်/ထွက်သွားလာမှုကို စနစ်တကျစစ်ဆေးကြပ်မတ်ရေး၊ မြန်မာနိုင်ငံ၌ဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက်နည်းပညာနှင့် ဘာသာရပ်ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနယ်စပ် ပြည်ဝင်/ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက်လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများအောင်မြင်ရေး ထောက်ခံရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။