ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆) ခေတ်” ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး ယိမ်းအက အစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူ (၁၀၀)နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ အားကစားသမားများသည် ဝန်ကြီးဌာနအဆင့်တွင် စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) မှာ ကျင်းပသွားမည် ဖြစ်ကာ ပြိုင်ပွဲများကို ဒီဇင်ဘာ (၂)ရက်ကစ၍ နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။