ရှမ်း/မြောက် လားရှိုးတွင် စက်သုံးဆီဝယ်ယူမှုအခက်အခဲဖြစ်ပွားနေကြောင်း လားရှိုးနေ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
လက်ရှိ လားရှိုးမြို့အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈၀၀၀ ကျော် အထိပေးဝယ်နေရပြီး၊ မြို့တွင်း အချို့ဆိုင်များ ရောင်းချပေးနိုင်ခြင်းမရှိသဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတမှုမရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု မရှိသဖြင့် မြို့တွင်းတည်ငြိမ်နေလျက်ရှိသော်လည်း တပ်မတော်ဘက်မှ တန်ပြန် ထိုးစစ်များပြုလုပ်မည်ဆိုသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံအများစုမှာ စိုးရိမ်မှုအနည်းငယ်ရှိနေသည်ဟု ၎င်းက ဆိုသည်။
“သတင်းတွေကတော့ ပျံ့နေတာပဲ။ မြို့မှာနေတဲ့သူတွေကတော့ တိုက်ပွဲပြန်ဖြစ်လာမှာကို အနည်းငယ်တော့ စိုးရိမ်စိတ်ရှိနေတာပေါ့။ ကျွန်တော်တို့သိသလောက်ကတော့ လက်ရှိမြို့ထဲမှာ သတင်းပျံ့နေသလောက်တော့ စိုးရိမ်စရာမရှိပါဘူး။ ခက်ခဲနေတာက မြို့မှာနေတဲ့ သူတွေဆန်နဲ့ စက်သုံးဆီအခက်အခဲတော့ရှိနေတာပေါ့”ဟု ၎င်းက ရှင်းပြသည်။
အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးခဲ့ထားသည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း တပ်မတော်နှင့် MNDAA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်စိတ်များရှိနေကြကာ ၊ MNDAA အဖွဲ့များ ဆုတ်ခွာနေကြသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
“MNDAA အဖွဲ့တွေ ဆုတ်ခွာတယ်ဆိုတာတော့မတွေ့မိဘူးဗျ။ ထူးခြားရင်တော့ပြောပါမယ်။”ဟု နောက်ထပ် ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း ပေါ်ပြူလာနယူးစ်ကိုပြောသည်။