ယခု ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများ ပိုမိုများပြားလာကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် နှလုံးလှ ပရဟိတ (မူဆယ်) တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ယခု နိုဝင်ဘာလ (၂၂)ရက်အထိ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှု (၈) ဦးထက်မနည်း တွေ့ရှိထားပြီး အရေအတွက်အားဖြင့် မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ၎င်းက ဆိုသည်။
“အခုနှစ်က ပိုင်ရှင်မဲ့အလောင်းတွေ့လာတာတွေ ပိုများတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ အချို့ပိုင်ရှင်မဲ့ သေဆုံးမှုမျိုးကို မတင်တာတွေလည်းရှိတယ်။ တစ်လ တစ်လဆိုရင် (၁၀) ဦးအထက်လောက်မှာရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခုလ နိုဝင်ဘာ (၂၃) ရက်တွင် ပိုင်ရှင်မဲ့အမျိုးသား ရုပ်အလောင်း တစ်လောင်းတွေ့ရှိခဲ့သလို နိုဝင်ဘာ (၂၂) ရက်တွင်လည်း ပိုင်ရှင်မဲ့ အမျိုးသမီး ရုပ်အလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုင်ရှင်မဲ့ သေဆုံးသူများမှာ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးကြသူများဖြစ်ပြီး လက်ရှိ မူဆယ်မြို့တွင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးသုံးစွဲသူများ၊ လုယက်ဓားပြတိုက်မှုများနှင့် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း သိရသည်။