ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့တွင် ယနေ့ နိုဝင်ဘာ ၂၃ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘေးတွဲဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများလာရောက်ရောင်းချသည့် လင်မယားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်မှ ကျောက်တန်းမြို့သို့ မူးယစ်ဆေးဝါးများလာရောက်ရောင်းချမှုရှိနေကြောင်းသတင်းအရ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဆိတ်ကြီးကွင်းလမ်းမပေါ်၌ ဆိတ်ကြီးကွင်းဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသမီးတစ်ဦးလိုကိပါလာသော ဘေးတွဲဆိုင်ကယ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ကို ကိုလတ်(၄၃)နှစ်နှင့် မနိုင်နိုင်မွန်(၃၅)နှစ် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား(၄၈၀)ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးအား ကျောက်တန်းမြို့မရဲစခန်းက မယ(ပ)၆/၂၀၂၄၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၀(က)/၂၁ အရအမှုဖွင့်၍ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။