၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ပြည်တွင်း ပြည်ပရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြပြီး ကျောက်စိမ်းအတွဲအမှတ် (၈၅၁) မှ (၁၇၀၀)အထိ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၆၁၅) တွဲ ရောင်းချခဲ့ရကြောင်းသိရသည်။
ထို့ပြင် ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ (၁၈) ရက်မှ (၂၇) ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။
ထို့ပြင် ပြပွဲတွင် အုပ်စု (အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၈၅ဝ) အနက် ကျောက်စိမ်းအတွဲ (၆၁၃) တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၈၅၀) အနက် ကျောက်စိမ်းအတွဲ (၆၁၅)တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲပေါင်း (၃၁၀၀) ကို နိုဝင်ဘာ (၂၇) ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်းပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။