ယူကရိန်းတပ်များ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည့် ရုရှား၏ ကာ့စ်ဒေသတွင် ယူကရိန်းစစ်တပ်နှင့်အတူ တိုက်ပွဲဝင်နေသည့် ဗြိတိသျှကြေးစားစစ်သားတစ်ဦးကို ရုရှားတပ်များက ဖမ်းဆီးရမိခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ရုရှားနိုင်ငံပိုင် အာအိုင်အေ သတင်းဌာနကို ပြောဆိုခဲ့သည်။
“ဂျိမ်းစ် စကော့ရိုက်စ် အန်ဒါဆင်လို့ဆိုတဲ့ ဗြိတိန်ကြေးစားစစ်သားတစ်ဦးကို ဖမ်းမိထားပါတယ်။ လက်ရှိမှာ သူက သက်သေထွက်ချက်တွေပေးနေပါတယ်” ဟု ရုရှားသတင်းရင်းမြစ်က ပြောဆိုသည်ဟု အာအိုင်အေက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။
တရားဝင်မဟုတ်သော စစ်ပွဲထောက်ခံသော ရုရှားတယ်လီဂရမ်ချန်နယ်များတွင် တင်ခဲ့သော ဗီဒီယိုတစ်ခု၌ လက်များကို နောက်တွင်ချည်နှောင်ထားပုံရသော စစ်ဝတ်စုံဝတ် မုတ်ဆိတ်မွေးနှင့် လူငယ်တစ်ဦးက သူ၏ အမည်သည် ဂျိမ်းစ် စကော့ရိုက်စ် အန်ဒါဆင်ဖြစ်ကြောင်းနှင့် ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုထားသည်။
ယင်းဗီဒီယိုဖိုင်နှင့် အာအိုင်အေနှင့် အခြားမီဒီယာများက ဖော်ပြခဲ့သော အဆိုပါသတင်းနှင့် ပတ်သက်၍ ရိုက်တာက သီးခြားအတည်မပြုနိုင်သေးဟု ဆိုသည်။
ယင်းဗီဒီယို ရိုက်ကူးခဲ့သည့် အချိန်ကာလကို ရှင်းလင်းစွာ မသိရပေ။ အဆိုပါ သတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာနက တောင်းဆိုခဲ့မှုကို ဗြိတိန်နိုင်ငံခြားရေးရုံးက လတ်တလောတွင် တုန့်ုပြန်ဖြေကြားခြင်း မရှိသေးပေ။
အစောပိုင်းတွင် ဘီဘီစီသတင်းဌာနက သတင်းဖော်ပြရာ၌ ဖမ်းဆီးခံလိုက်ရသော ဗြိတိန်အမျိုးသား၏ မိသားစုကို ထောက်ပံ့ပေးထားသည်ဟု နိုင်ငံခြားရေးရုံးက ပြောကြားခဲ့သည်။
ယူကရိန်းတပ်များသည် သြဂုတ်လအတွင်းက ရုရှားနယ်စပ်ဒေသဖြစ်သော ကာ့စ်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအထိ ယင်းဒေသတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားဆဲဖြစ်သည်။ သို့ရာတွင် ရုရှားတပ်များက ပြင်းထန်သော တန်ပြန်ထိုးစစ်များကြောင့် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေ၏ ၄၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားခဲ့သည်ဟု ကိဗ်က သီတင်းပတ်ကုန်ပိုင်းတွင် ပြောဆိုခဲ့သည်။
Ref: ယူအက်စ်နူးစ်