လေတပ်၏ ဂျက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မလေးရှား၏ အရန်ဓါတ်သတ္ထု့များကို ပံ့ပိုးပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ယနေ့(နိုဝင်ဘာ ၂၅) တွင် တောင်ကိုရီးယားနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့သည် ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိမ်းလန်းသော စွမ်းအင်စသည့် ကဏ္ဍများပါ ဖြည့်စွက်ထည့်သွင်းထားသော လာမည့်နှစ်၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန်အတွက် ထိပ်သီးအစည်းအဝေးတွင် ကတိကဝတ်များကို ဖလှယ်ခဲ့ကြသည်ဟု ယွန်း၏ရုံးက ပြောဆိုသည်။
၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၉၂၀ တန် ဂျက်တိုက်လေယာဉ် ၁၈ စင်းကို ထောက်ပံ့ရေး သဘောတူစာချုပ်ခဲ့ပြီးနောက် အပေါ့စားဂျက်တိုက်လေယာဉ်များ အစားထိုးမည့် စီမံကိန်းကို စတင်ဆောင်ရွက်နေချိန်တွင် မလေးရှား၏ အကျိုးစီးပွားများအတွက် တောင်ကိုရီးယားက ဆက်လက်ဖိတ်ခေါ်ခဲ့သည်ဟု ယွန်း၏ရုံးက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
၂၀၂၉ ခုနှစ်တွင် စတင်ရန်စီစဉ်ထားသည့် ကာဗွန်ထိန်းသိမ်းသိုလှောင်မှုဆိုင်ရာ စီမံကိန်းအတွက် ယခင်က လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာအပါအဝင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်ထူထောင်ရေးကိုလည်း နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်း၊ ဂါဇာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လက်ဘနွန်တွင် တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်းတို့နှင့် ပတ်သက်၍လည်း ယွန်းနှင့် အန်ဝါတို့ အမြင်သဘောထား ဖလှယ်ခဲ့ကြသည်။
Ref: အက်ဖ်အမ်တီ