အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် TNLA အဖွဲ့အနေဖြင့် စစ်ရေးတင်းမာမှုများအတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် အမြဲအဆင်သင့်ရှိနေကြောင်း သဘောထားထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်လာခဲ့သည်။
၎င်းတို့၏ အသိပေးထုတ်ပြန်ချက်သည် လေကြောင်းဒဏ်ခံရမှု၊ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲများရပ်စဲရေးအတွက် ကြားဝင် ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ အစိုးရ၏ ကြိုးပမ်းမှုတို့ကို အသိအမှတ်ပြုခြင်းကြောင့် တွေ့ဆုံဆွေးနွေးလိုသည့်သဘောထားကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ကြားဝင်ကြိုးပမ်းဆောင်ရွက်မှုများကို အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် ကောင်းမွန်သောရလဒ်များရရှိရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ကိုလည်း ထပ်မံဖော်ပြထားသည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူလူထုက စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားစွာ ခံစားခဲ့ရကြောင်းကိုလည်း ဖော်ပြထားပြီး တအောင်းလူမျိုးများ အဖိနှိပ်ခံဘဝမှလွတ်မြောက်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။
ထို့ကြောင့် စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူများအား ထောက်ထားညှာတာခြင်းနှင့်အတူ ပြဿနာအရပ်ရပ်ကို ကိုင်စွဲဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်အသင့်ရှိနေကြောင်း ရေးသားထားသည်။