ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ လအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ဧကများအ တွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေ(၁၂၉)သန်းကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသည့် ရာ သီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းအစီအစဥ်အရ ယနေ့ နိုဝင်ဘာ ၂၆ ရက်နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံခရိုင်နှင့်လှိုင်းဘွဲမြို့နယ်တို့မှတောင်သူများအား သီးနှံလျော်ကြေးအဖြစ် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တောင်သူများ၏ စိုက်ပျိုးသီးနှံများ၌ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို အာမခံ စနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများလက်တွေ့ကျကျပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သီးနှံအာမခံ စနစ်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် သီးနှံအာမခံလုပ်ငန်းကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ တောင်သူများအနေဖြင့် သီးနှံအာမခံကိုနောင်နှစ်များတွင်လည်း မဖြစ်မနေဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံ ထားရှိသည့် ဘားအံမြို့နယ်မှ တောင်သူ(၇၁၄)ဦး ၏ စိုက်ဧက(၃၆၈၂ဧကအတွက် လျော်ကြေးငွေ (၁၂၀ ဒဿမ ၂၁၀)သန်း၊ လှိုင်းဘွဲမြို့နယ်မှ တောင်သူ(၃၄)ဦး၏ စိုက်ဧက(၂၀၉)ဧကအတွက် လျော်ကြေးငွေ(၉ ဒဿမ ၁၅)သန်း(စုစုပေါင်း ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေးငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်း)ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။