မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်(၁၄)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများလွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်းသတင်းအရ နိုဝင်ဘာ ၁၇ ရက်နေ့လည် ၃ နာရီခန့်က စစ်ဆေးရာ စိုင်းဝဏ္ဏထွန်း(ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်းတို့အား ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူပါ ဆပ်ပြာခွက်(၂၂၀)ခွက်စီပါ ဆာလာအိတ်(၆၇)အိတ်အတွင်းမှ ဘိန်းဖြူ(၁၄၇ ဒသမ ၄ ကီလို)၊ ဆာလာ အိတ်(၂၀)အိတ်အတွင်းမှ စိတ်ကြွဆေးပြား(၄၁ ဒသမ ၄၈ သိန်း)ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းတစ်လျှောက် ပါဝင်ခဲ့သည့် နောက်ထပ် ကွင်းဆက်တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရရှိခဲ့သဖြင့် စုစုပေါင်း ငွေကျပ်(၁၄ ဒသမ ၅ ဘီလီယံ) ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၃၃၂ ဒသမ ၂ ကီလို)၊ စိတ်ကြွဆေးပြား(၄၁ ဒသမ ၄၈ သိန်း)တို့အား ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်စစ်ဆေးလျက်ရှိပြီး ၎င်းတို့၏ ငွေကြေးများ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။