ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံမှုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း သုတေသန၏အရေးပါမှုကိုပြောကြားသည်။
ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက် မှန်ကန်ကောင်းမွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ ဆရာမများ၊ ဝန် ထမ်းများအားလုံးအနေဖြင့် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
နိုဝင်ဘာ (၂၁)ရက်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။