ပြည်တွင်းရှိ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မပေါ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
နိုဝင်ဘာ (၂၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” ဆန်ပြတ်လပ်မှုက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအပေါ်မှာလည်း ဂရုစိုက်ပြီးတော့ ဆောင်ရွက်ပါတယ်။ အစိုးရကလည်း မူချပေးပါတယ်။ ပြည်တွင်းဆန်ဈေးကြီးလာတယ်ဆိုရင် ပြည်တွင်းဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့အတွက် ပထမဦးစားပေးဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့ တစ်ခါတလေမှာလည်း ပြီးခဲ့တဲ့ကာလမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူရတဲ့အပိုင်းတွေ ပေါ်ပေါက်လာတာ အားလုံးသိမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြည်တွင်း၌ ဆန်ဈေးနှုန်း မြင့်တက်လာပါက ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပြီး အိတ်ရေအားဖြင့် (၈)သိန်းဝန်းကျင်ရှိကြောင်း အဆိုပါ အရေအတွက်ဖြင့် ဈေးကွက်ကို ထိန်း၍ ရကြောင်း သိရသည်။
” ကျွန်တော်တို့မှာ နိုင်ငံတော် အရန်ဆန်ကဲ့သို့ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်ပေါ့။ ပို့ကုန်အခြေပြုဆိုတာက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ဆောင်ရွက်တာပါ။ Export တစ်တန်ပို့တိုင်းပို့တိုင်းမှာ ဆန်တစ်အိတ်ပေါ့။ အရပ်စကားနဲ့ ပြောရင် တစ်တန်တစ်အိတ်ပေါ့” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။