မြန်မာ – ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်း များမှတဆင့် တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်းကုန် သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Bor-der Trade Method) ဖြင့် (ရန်ကုန် – ကော့သောင်း – ရနောင်း) နှင့် (ရနောင်း – ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာ စနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တင်ပို့မှုနှင့် တင်သွင်းမှုများကို ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉ ဒသမ ၉၉၆) သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ရေချိုငါးတင်ပို့နိုင်မှုအနေဖြင့် အောင်မင်္ဂလာဆိပ်ကမ်းမှ ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ပို့ကုန်သင်္ဘော (၁၇) စင်း၊ ရေချိုငါး (၁၇၆၇ ဒသမ ၈၂ ၉) တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မတ်လမှ နိုဝင်ဘာလအထိ သက်ဆိုင်ရာ Bonded Terminal များမှ ကုန်သေတ္တာစုစုပေါင်း (၂၇၉၉)လုံး ပြန်လည်ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှ အောက်တိုဘာလအထိ ဆိပ်ကမ်း၊ ကုန်းတွင်းကုန်သေတ္တာစခန်းတို့မှ စုစုပေါင်း ကုန်သေတ္တာ (၁၉၁၃၈၇)လုံး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင်ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများ၏ အခက်အခဲများကို တာဝန်ရှိသူများက စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးနေကြရမည်ဖြစ်ကြောင်း၊ အဆက်အသွယ်မရသည့် ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန် ပျက်ကွက်နေသည့် ကုမ္ပ ဏီများကို သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောကြားခဲ့သည်။