နေပြည်တော်၌ လာမည့် ဒီဇင်ဘာလအတွင်းကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား(၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထိုသို့ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားနည်း(၂၄)မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားသမား(၅၇၆)ဦး၊ နည်းပြ/အုပ်ချုပ်(၁၂၀) ဦးတို့အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဝန်ကြီးချုပ်မှ အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစာနည်းအလိုက် အောင်နိုင်လိုစိတ်များပြင်းပြနေရန် လိုအပ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ အားကစားသမားကောင်းပီသစွာပြုမူနေထိုင်သွားရန်နှင့် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ပြိုင်ပွဲတိုင်း၌ အနိုင်ရရှိနိုင်ရေး ယှဉ်ပြိုင်သွားကြရန်လိုအပ်သည်ဟု တိုက်တွန်းပြောကြားသည်။
ထို့ပြင် တိုင်းလက်ရွေးစင်အားကစားသမားအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများဖြစ်လာစေရေးကို အစွမ်းကုန်ကြိုးစားသွားကြရမည်ဖြစ်ပြီး အားကစားနည်းအလိုက်အောင်မြင်မှုများရရှိခဲ့ပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်မှ ပဲခူးတိုင်းကိုယ်စားပြုအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၂၆၈ ဒသမ ၇၅၂)သန်းကို ထောက်ပံ့ပေးအပ်ရာ တိုင်းအစိုးရအဖွဲ့၏ လူမှုရေးရာဝန်ကြီးနှင့် တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့ကလက်ခံရယူခဲ့ကြသည်။