တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူများအနေဖြင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ သွားတုလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဌာနတွင်ဖွင့်လှစ်မည့် သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ(၂)နှစ်သင်တန်းတက်ရောက်နိုင်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံသား အသက်(၂၇)နှစ်ထက်မကျော်လွန်ဘဲ တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သင်တန်းလျှောက်လွှာကို သက်ဆိုင်ရာဌာနအကြီးအမှူး၏ ထောက်ခံချက်ဖြင့်လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက သင်တန်းကာလတစ်လလျှောက် မိခင်ဌာနမှတာဝန်ချိန်(Deputation) သတ်မှတ်ပေးပြီး အချိန်ပြည့်တက်ရောက်နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သင်တန်းတက်ရောက်ခွင့်ရရှိပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအနေဖြင့် သင်တန်းပြီး ဆုံးသည်အထိတက်ရောက်နိုင်ရမည်ဖြစ်ကာ တက်ရောက်ခွင့်ရသူများအားလုံးသည် သတ် မှတ်သင်တန်းကြေးများပေးသွင်းရမည်ပြီး သင်တန်းအောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ်(၃)နှစ် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်ပြီးချိန်တွင် သင်တန်းမတက်ခြင်း၊ ပြီးဆုံးအောင်မတက်ခြင်း၊ သတ်မှတ်ကာလအတိုင်း နိုင်ငံ့တာဝန်မထမ်းဆောင်ခြင်းများရှိပါက (၃)သိန်းကျပ်အား လျော်ကြေးအဖြစ်ပေးဆောင်ရန် ကတိခံဝန်ချက်ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်ခွင့်လျှောက်ထားရာ၌ လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်(မိတ္တူ)အပါအဝင် လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာတွင် ဖော်ပြထားသည့် အချက်အလက်များမှန်ကန်ကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသောခံဝန်ချက်တို့ လိုအပ်မည်ဖြစ်သည်။
တက်ရောက်လိုသူများသည် ယခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)သို့ လျှောက်လွှာများ နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိရန် ရေးဖြေစာမေးပွဲ ဖြေဆိုရမည့် ခုံအမှတ်အား ဒီဇင်ဘာ ၁၆ ရက်၊ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာ ၁၈ ရက်တို့၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)တွင် ကြေညာကာထုတ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၂၀ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိအား မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ဖြေဆိုရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ဖုန်း- ၀၉-၄၄၈၀၄၃၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။