မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း MRF -Young Entrepreneurs Society ၏ ၂၀၂၄ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၂၅-၂၀၂၇ သက်တမ်းကာလ ကော်မတီအဆင့်ဆင့် ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ (၂၉) ရက် နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အသင်းသည် ဆန်စပါးကဏ္ဍရှိ အသင်းမျာအားလုံးတွင် သက်တမ်းအငယ်ဆုံးသော အသင်းတစ်ခုဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် (၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
” ၂၀၂၂ – ၂၀၂၄ သက်တမ်းကာလအတွင်းမှာ ဆန်စပါးအသင်းချုပ်ရဲ့လမ်းညွှန်ချက်များနဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပ့တယ်။ ဒါ့အပြင် လုပ်ငန်းရှင်လူငယ်များအတွက် လိုအပ်တဲ့ဆန်စပါးဆိုင်ရာကျွမ်းကျင်မှုများအတွက် ဆန်စပါးအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းတွေ ဆန်ပြည်တွင်းရောင်းချမှုဈေးကွက်သင်တန်း၊ ဆန်ပြည်ပတင်ပို့ရောင်းချမှုသင်တန်း၊စီမံခန့်ခွဲမှုသင်တန်း၊ ပညာရပ်ဆိုင်ရာဟောပြောပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံလူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ယမင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံ လူငယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းအား ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ သိုလှောင်ကြိတ်ခွဲရေးကဏ္ဍ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။